သူတို့ပြောတဲ့ ချဉ်းကပ်ခြင်း

ကျွန်တော် ရေးလိုက်တဲ့ ချဉ်းကပ်ခြင်း ဆိုတဲ့ post လေးမှာ လက်ရှိ အောင်မြင်နေတဲ့သူတွေရဲ့ အမြင် နောက်ပြီး လက်ရှိ လေ့လာနေတဲ့သူတွေ အမြင် စတာတွေကို ပေါင်းစည်းပြီး တွေ့လိုက်ရတယ်။ သူတို့ ရဲ့ အမြင်တွေက အရမ်းတန်ဖိုးရှိတယ်။ အထူးသဖြင့် လူငယ်တွေရဲ့ အမြင်ကို ဖတ်ခွင့်ရလိုက်တာ ကျွန်တော့်အတွက် တော်တော် တန်ဖိုး ရှိတာပဲ။ ဒါကြောင့် သူတို့ ပြောတဲ့ အမြင်တွေကို ပြန်စုစည်း ပြီး ဒီ post လေး ကို ရေးလိုက်တာပါ။

တုံးသွားတဲ့ ဦးဏှောက်

ကျွန်တော်တို့တွေ သူငယ်တန်းကနေ ၁၀ တန်း ထိ ဖြေဆိုပြီးတဲ့ အခါမှာတော့ ဦးဏှောက်တွေက မသွက်တော့ဘူး။ ပုံစံ ခွက်ထဲ ဝင်သွားပြီ။ အထူးသဖြင့် ကိုယ့်ကိုယ် ယုံကြည်မှုနဲ့ ကြိုးစား အားထုတ်မှုတွေက တော်တော်ကျနေပြီ။ တက္ကသိုလ် ဝင်တန်း အရွယ်တွေက ဘာကို လေ့လာရမလဲဆိုတာကို စလေ့လာရမယ့် ပုံစံ ဖြစ်နေတယ်။ တကယ်တန်းတော့ ၁၀ တန်း ပြီးကတည်းက Computer အခြေခံ ၊ အင်္ဂလိပ်စာ အခြေခံကို တတ်ထားသင့်တယ်။ သို့ပေမယ့် ၁၀ တန်းပြီး နွေရာသီ ကျောင်းပိတ်မှသာ စပြီး Computer သင်တန်း အခြေခံ ၊ အင်္ဂလိပ်စာ အခြေခံကို စတက်ကြတယ်။

ကြိုးစားအားထုတ်မှုဆိုတာ လူတိုင်းမှာ ရှိတာမဟုတ်ဘူး။ အခြေခံ ပညာရေး အဆင့်မကောင်းခဲ့ပေမယ့် လုပ်ချင် ကိုင်ချင်စိတ်ရှိတဲ့ အခါ တုံးသွားတဲ့ ဦးဏှောက်က ပြန်ထက်လာတာပဲ။ ခဏတာ တုံးသွားပေမယ့် တစ်စုံတစ်ခုကို စွဲလမ်း ရှုးသွပ်သွားတဲ့အခါမှာတော့ တစ်ခါမှ သေသေချာချာ အသုံးမပြုခဲ့တဲ့ ဦးဏှောက်ကို ပြန်ပြီး ထက်မြက်လာအောင် ဖန်တီးပေးလိုက်တာပဲ။ သို့ပေမယ့် လူတိုင်းကတော့ စွဲလမ်း ရှုးသွပ်မှုတွေ မရှိကြဘူး။

အရိုးစွဲနေတဲ့ အခြေခံ သင်ကြားမှု အချို့

ငယ်ငယ်ကတည်းက … ဆိုရရင်တော့ သူငယ်တန်းကတည်းက A ၊ B ၊ C ၊ D စတာတွေ အလွတ်ကျက် အော်ဆိုလာခဲ့တယ်။ ပြီးတော့ သူငယ်တန်းကနေ ၉ တန်းအထိ သည် ၏ မရွေးကျက်ခဲ့ရတာတွေကို ဖြတ်သန်းလာခဲ့ရတယ်။ ကိုယ်နားလည်သလို ရေးရင် မှတ်စု အတိုင်းမမှန်လို့ အမှတ်လျော့ခံထိတယ်။ တစ်ခါတစ်လေ ကျူရှင်က တစ်မျိုး ကျောင်းက တစ်မျိုး ဘယ်ဟာ ကျက်ရမှန်း မသိတာတွေကိုလည်း ဖြတ်ကျော်ခဲ့ရတယ်။ မတူရင် အမှတ်လျော့မယ်ဆိုတဲ့ စိတ်က ကြီးဆိုးနေတယ်။ အထူးသဖြင့် သင်တဲ့ဟာကို လိုက်မှတ် ၊ အလွတ်ကျက် ပြီးရင် အဲဒီ အတိုင်းဖြေ။ ကျောင်းက တစ်မျိုး ကျူရှင်က တစ်မျိုးဆိုရင်လည်း မိဘတော်တော်များများ အားပေးပြီးပြောတာက ကျောင်းကဟာကို ကျက်ပေါ့။

မသိစိတ်ကနေ တဖြည်းဖြည်း သည် ၏ မရွေး တစ်ခုခု မှားတာနဲ့ အမှတ်လျော့ခံရမယ်။ ငါ တစ်ခုခု မှားတာနဲ့ အမှတ်လျော့မယ်။ မိမိ ကိုယ်ပိုင် တီထွင်မှုထက် ကိုယ်ပိုင် အရေးအသားထက် ဆရာ ဆရာမ ရေးထားပေးထားတာ ကျက်ဆိုတဲ့ အဆင့်ကို ဖြတ်ကျော်ခဲ့ရတယ်။ အထူးသဖြင့် English စာ Essay အလွတ်ကျက်ဖြေတာ နောက်ပြီး မြန်မာစာ စာစီစာကုံး အလွတ်ကျက်ဖြေတာတွေက အဆိုးဆုံးပဲ။

အလွတ်ကျက်ခြင်းက ပညာလား

အလွတ်ကျက်တာ ပညာလား ဆိုတော့ မှန်သင့် သလောက်မှန်ပါတယ်။ ဆေးကျောင်းသား / သူ တွေအနေနဲ့ သူတို့ အလွတ်ကျက်ကို ကျက်ရမယ်။ ပါဝင်တဲ့ အရာတွေ ရောဂါ အခြေအနေတွေ ဖွဲ့စည်းပုံတွေ ဒါတွေက အလွတ်မကျက်လို့မရဘူး။ သို့ပေမယ့် စာစီစာကုံး လိုမျိုး ကိုယ်ပိုင် ဟန် အရေးအသားကတော့ အလွတ်မကျက်သင့်ဘူး။ နောက်ပြီး database တွေ programming တွေ SE တွေက အလွတ်ကျက်ရတဲ့ အရာတွေ မဟုတ်တော့ဘူး။ Thinking က အများကြီး ဆိုင်သွားပြီ။ သို့ပေမယ့် အလွတ်ကျက်ပြီး ဖြေမှ အမှတ်များမှာကိုး။ အလွတ်ကျက်ပြီး ဖြေမှ အဆင့်ကောင်းမှာကိုး။ ဒါကြောင့် အလွတ်ကျက်တာ များလာတယ်။ မိဘတွေ ဆရာ ၊ ဆရာမတွေ တွေကလည်း အလွတ်ကျက်ဖို့ အားပေးလာတယ်။ သူငယ်ချင်းကြား အဆင့် ပြိုင်ဆိုင်မှုတွေကို မိဘတွေ ဆရာမတွေ တွန်းပေးလာတာဟာ အလွတ်ကျက်ခြင်းကို တဖြည်းဖြည်း အားပေးလာတာပဲ။ နားလည်ဖို့ ကြိုးစားရတာ အချိန်ကြာပေမယ့် အလွတ်ကျက်ရတာကတော့ လွယ်တယ်။ တစ်ခါတစ်လေ တစ်ခုလေးကို နားလည်ဖို့အတွက် စာတော်တော် လိုက်ဖတ်ရတာတွေ ရှိတတ်တယ်။ သို့ပေမယ့် နားလည်အောင် ကြိုးစားတိုင်း အမှတ်ကောင်းတာ မဟုတ်။ အလွတ်ကျက်နိုင်မှ အမှတ်ကောင်းတာ။ ဒါကြောင့် ကျက်တယ်။

မဖြစ်ခဲ့တာကို ဖြစ်စေချင်တယ်

အထူးသဖြင့် မိဘတွေ ၊ လူကြီးတွေ တော်တော်များများက ငယ်ငယ်က သူတို့ ရည်မှန်းထားတာတွေ မဖြစ်ခဲ့ရတာတွေကို သူတို့ရဲ့ next generation မှာ ဖြစ်စေချင်တယ်။ လုပ်စေချင်တယ်။ သို့ပေမယ့် ထိုအရာတွေက လူငယ်တွေ စိတ်ဝင်စားတဲ့ အရာတွေ ဟုတ်ချင်မှ ဟုတ်လိမ့်မယ်။ သူတို့ မသိစိတ်က ဖြစ်စေချင်တာတွေကို သူတို့ကောင်းစားဖို့အတွက် လမ်းညွှန်တယ်လို့ သတ်မှတ်လိုက်ကြတယ်။ ဆွေးနွေးတိုင်ပင်တာတွေ ရှားပါးလာတယ်။ သားသမီးအနေနဲ့လည်း မှားမှာ ဆိုးတာကြောင့် ပြန်မပြောရဲတာတွေ မသိမသာ များလာတယ်။ ဒါကြောင့် ကိုယ်ဘာလုပ်ချင်လဲဆိုတာကို ကိုယ်တိုင် တိတိကျကျမသိတော့ပဲ မိဘပြောတာလုပ်ချင်သလိုလို သူငယ်ချင်းပြောတာ လုပ်ချင်သလိုလို နဲ့ ဦးလေးတွေ အဒေါ်ပြောတာပဲ လုပ်ရမလိုတွေ ဖြစ်လာပြီး ဟိုယောင်ယောင် ဒီယောင်ယောင် လမ်းကြောင်းဆီကို ဦးတည်လာကြတာပဲ။

ရွေးချယ်ဖို့အတွက် လေ့လာစရာ

တက္ကသိုလ် ဝင်တန်း အောင်ပြီးလို့ရှိရင် ဘာတွေ တက်သင့်လဲ ဆိုတာကို လေ့လာဖို့ နေရာမရှိဘူး။ တိုင်ပင်ဆွေးနွေးဖို့ ဆရာ ၊ ဆရာမတွေ မရှိဘူး။ အမှတ်ကောင်းရင် ဆေးကျောင်းတက် ၊ လခ ကောင်းတဲ့ အလုပ်လုပ် စတာတွေကိုပဲ မိဘတွေကော ပတ်ဝန်းကျင် အားပေးကြတယ်။ ကိုယ်တိုင်လည်း ဘာဝါသနာပါမှန်းမသိ အမှတ်မှီရာ ကိုယ့်အမှတ်ထက် မနိမ့်ရာကိုပဲ ရွေးချယ်ကြတယ်။ Computer တက္ကသိုလ် ဘာကြောင့် တက်သင့်သလဲဆိုတာကို လေ့လာဖို့ သေသေချာချာ မသိဘူး။ ( UCS တက်ရင် ဘာတွေ သိလာမလဲဆိုတာကို နောက် post အနေနဲ့ ရေးပေးပါ့မယ် )။ ဝါသနာမပါပဲ ရွေးချယ်ခဲ့တာတွေ များလာတယ်။ ဝါသနာဆိုတဲ့ အရာကို သေသေချာချာ မသိပဲနဲ့ တဖြည်းဖြည်းပျောက်ကွယ်သွားပြီး တချိန်မှာ ပြန်လည်ရှင်သန်လာမယ့်အရာလို့ပဲ မျှော်လင့်ချက်ရောင်ခြည်လေးအနေနဲ့ ထားပြီး ပျောက်ကွယ်ကုန်ကြတဲ့ လူငယ်တွေ အများကြီးပဲ။

ဒိုင်နိုဆောတွေ ဖြစ်ကုန်လိမ့်မယ်

ICT industry က လူငယ်တွေကို နေရာမပေးနိုင်တဲ့အခါမှာတော့ အခြား Industry ကို ကူးပြောင်းသွားမှာပဲ။ စိတ်ဝင်စားမှု မရှိတဲ့အခါမှာ တကယ် talent ရှိတဲ့သူတွေ IQ မြင့်တဲ့သူတွေ ဝင်မတိုးလာရင် တိုးတက်ပြောင်းလဲလာဖို့ ခက်တယ်။ Industry တက်ဖို့အတွက် ဝန်ထမ်းတွေ လစာကောင်းဖို့ လိုတယ်။ Owner တွေရဲ့ management skill တွေ တိုးတက်ဖို့လိုတယ်။ ICT မှာ ဘယ်အချိန်လာ ဘယ်အချိန်ပြန် ဆိုပြီး သတ်မှတ်လို့မရဘူး။ အလုပ်လုပ်ချိန်ပေါ်မှာမူပြီး product ထွက်နေတဲ့ အရာမဟုတ်ဘူး။ စိတ်ပျော်ရွှင်မှု မူတည်ပြီး product တွေ တိုးတက်နေတာ။ ICT industry ထဲမှာ တကယ်တတ်တဲ့ ပညာတတ်လုပ်ငန်းရှင်တွေ လိုအပ်လာတယ်။ Industry မှာ အသစ်တီထွင်ဖို့ မလိုပါဘူး။ Self learning နဲ့ Service minded ရှိရင် Profession ပညာတခုတကယ်တတ်ရင် Team work ကို လက်ခံပြီး အခြားသူရဲ့ professional ပညာကို လေးစားရင် တက်သွားကြမှာပါ။ စပြောင်းချိန်တော့တန်နေပြီ။ မဟုတ်ရင် ဒိုင်နိုဆောကြီးတွေ အဖြစ် မျိုးတုန်းကြတော့မယ်။

လခ များရင် စိတ်ဝင်စားလာမယ်

ဘယ် Industry မဆို လခများများရတဲ့ အခါမှာ စိတ်ဝင်စား မှုတွေကလည်း မြင့်တက်လာပါတယ်။ လခ များများရနိုင်တဲ့ နေရာတွေမှာ ကျောင်းလျှောက်ဖို့ တိုးနေတာကို တွေ့နိုင်ပါတယ်။ စိတ်ဝင်စားမှုလေး ဖြစ်တည်ဖို့က လခ နဲ့လည်း သက်ဆိုင်မှုတွေ ရှိတယ်။ တကယ်လို့ လက်ရှိ indrustry ကသာ လခ များများမ ပေးနိုင်တယ်လာမယ်ဆိုရင်တော့ တော်တော်များများ စိတ်ဝင်စားလာမှာ အမှန်ပဲ။ သို့ပေမယ့် လခ များများရခြင်းဟာ လူတစ်ယောက်ရဲ့ ကိုယ်ပိုင် အရည်အချင်းနဲ့လည်း အများကြီး သက်ဆိုင်ပါသေးတယ်။ လခ များများဆိုတာထက် ပညာတတ် လုပ်ငန်းရှင်တွေ များများပေါ်လာဖို့လိုတယ်။

Experience ကို မေ့နေကြတယ်

Experience ကို ယူဖို့ မေ့နေကြတယ်။ နောက်ပြီး အလုပ်ကို ဂျီးများကြတယ်။ ဝါသနာပါတာကို လုပ်ချင်ကြတယ်။ ခက်တာက ဘာ ဝါသနာပါလဲဆိုတာကို သေသေချာချာ မသိကြဘူး။ ဒါကြောင့် လခ များများ ရတဲ့ အလုပ်ကို လုပ်ချင်ကြတယ်။ တချို့ကိစ္စတွေက ငယ်ငယ်က ဝလုံးရေးသလို အစမှာ ဝိုင်းဖို့ ခက်နေပေမယ့် နောက်ပိုင်းတော့ ဝိုင်းလာအောင် ရေးနိုင်သွားတယ်။ Experience ရှိသွားတဲ့အခါမှာ ကိုယ်လိုချင်တဲ့ လခ ကို အတိုင်းအတာ တစ်ခုထိ ရလာနိုင်တယ်။ ရလာနိုင်တဲ့နေရာတွေကို ကူးပြောင်းလာနိုင်တယ်။

ပြောင်းလဲသင့်တဲ့ လုပ်နိုင်စွမ်းအင်

မြန်မာပြည်ကို အမေရိကန်စီးပွားရေးပိတ်ခါစအချိန်က အထည်ချုပ်လုပ်ငန်းရှင်တစ်ယောက် Hong Kong ကို ရုံးပြောင်းပြီး လုပ်ငန်းကို တရုပ်ပြည်ကို ရွှေ့ခဲ့တယ်။ ဟိုမှာ ဆက်လုပ်တော့ အလုပ်သမားလခတွေ တက်ပေးရတယ်လို့ပြောပါတယ်။ တစ်ဦးခြင်းလခကို တိုးပေးရပေမဲ့ လက်တွေ့မှာ ထွက်လာတဲ့ အထည်ပေါ်မှာ ကုန်ကျစရိတ်ဟာ ကျသွားတယ်။ ငါးသောင်းတန် ငါးယောက်လုပ်စာလုပ်နိုင်သူ ကို ၂သိန်းခွဲပေးရရင် တန်တယ်တဲ့ ဘာလို့လဲဆိုတော့ admin cot လျော့တယ် Office space နဲသွားတယ် energy using ကျသွားတယ်တဲ့။ ACE က ဆရာဦးသိန်းဦးက ပြောတာက OJT japan လွတ်ရင် လုပ်နိုင်သလောက် မြန်မာပြည်ပြန်ရောက်ရင် မြန်မာ လိုပြန်ဖြစ်သွားတယ်ဆိုပဲ။ တကယ်တော့ creative base ဖြစ်တဲ့ knowledge worker တွေ ကို အလုပ်ချိန်ဆိုတဲ့ ဗြူရိုကရက် အုပ်ချုပ်မှှုကနေ တဆင့်တက်အုပ်ချုပ်နိုင်ဖို့နဲ့ ဖန်တီးနိုင်သလောက် ရနိုင်တဲ့ စနစ်တခု နှစ်ဖက်လက်ခံပြီးပေါ်ဖို့ လိုအပ်တယ်။

ကိုယ့်နိုင်ငံသား IT သမားများ မွေးထုတ်ခြင်း

မလေးရှားနိုင်ငံမှာ သူ့နိုင်ငံသား အိုင်တီပညာရှင်တွေ အရမ်းများတယ်။ အိုင်တီဌာနအတွက်ဆို နိုင်ငံခြားသားကို မခန့်ဘဲ (ခန့်စရာမလိုဘဲ) သူ့နိုင်ငံသားတွေချည်းပဲရှိနေတာ ဘာကြောင့်လဲဆိုတော့ အစိုးရသော်လည်းကောင်း၊ company အဖွဲ့အစည်းတွေကသော်လည်းကောင်း ကျောင်းတွေကိုသွားတယ်။ ပရိုဂရမ်းမင်းဆိုတာ ဘာမှန်း တစ်လုံးမှ မသိတဲ့ နိုင်ငံသားကျောင်းသားတွေကို စည်းရုံးတယ်။ သူတို့ဆီမှာ သင်တန်းလာတက်ဖို့ စည်းရုံးတယ်။ သင်တန်းကာလမှာ laptop တစ်လုံးစီနဲ့ သင်တန်းလာတက်တဲ့အတွက် allowance ဘယ်လောက်ဆိုပေးတယ်။ အဲဒီလို သင်တန်းတွေ ဖွင့်ပေးပြီး သင်တန်းမှာ ပရောဂျက်တွေ လုပ်ခိုင်းသွားတယ်။ စစချင်းမှာ မက်လုံးလေးတွေနဲ့ ဆွဲဆောင်ပြီး ကျောင်းသားက ဒီထဲမှာ စိတ်ပါဝင်စားသွားတယ်။ ပရောဂျက်တွေကနေလည်း ပိုက်ဆံပြန်ရလာတဲ့အခါ လုပ်ပျော် ၊ သင်ယူပျော်လာတယ်။ သူတို့ စလာ စည်းရုံးရင် Java သင်တန်းကနေ စည်းရုံးပါတယ်။ ဒါမျိုးတွေကို တစ်တိုုင်းပြည်လုံးမှာရှိတဲ့ တက္ကသိုလ်၊ ကောလိပ်တွေ အကုန်လုံးကို ဆင်းပြီး ကျောင်းသားစုတယ်။ ကျောင်းသားရဲ့ သွားလာမှု လွယ်ကူစေမယ့် အခြေအနေပေါ်မူတည်ပြီး သင်တန်းနေရာကို ကျောင်းသားတွေ အဆင်ပြေတဲ့နေရာမှာ ဖွင့်ပေးတယ်။ ဒါပေမဲ့ မလေးရှားနိုင်ငံသားကျောင်းသားပဲ ဖြစ်ရပါတယ်။ အဲဒီလိုနဲ့ မလေးရှားနိုင်ငံမှာရှိတဲ့ ဘယ်အိုင်တီဌာနမှာမဆို နိုင်ငံခြားသားဆိုတာ မရှိဘူးလို့ ပြောလို့ရအောင်ကို မရှိသလောက်ပါပဲ။

အများနဲ့တည်ဆောက်တဲ့ စနစ်

မြန်မာသူဋ္ဌေးတွေ ငွေပေးနိုင်တော့ နှာစီးချောင်းဆိုးကို ဘန်ကောက်သွားကုနေကြပါတယ်။ ဟိုမှာစိတ်ချမ်းသာတယ် ပေးရကျိုးနပ်တယ်နဲ့ပြန်လာပါတယ်။ ဟိုက သူတို့နဲ့ ထိတွေ့တဲ့ ဆရာဝန်တွေထက် ပိုတတ်တာတွေ ပြည်တွင်းမှာ အများကြီးရှိတယ်။ သို့သော် မြန်မာဆေးရုံဆေးခန်းတွေရဲ့ service minded နဲ့ Operation System က သူတို့လောက်မချောမွေ့ပါဘူး။ ဆရာဝန်မဟုတ်တဲ့ အခြားကျွမ်းကျင်သူတွေ သူတို့လောက် မရှိပါဘူး။ တကယ်တော့ စနစ်တခုမှာ ဆရာဝန်သာမက သန့်ရှင်းရေး ကအစအရေးပါတယ်ဆိုတာ လုပ်ငန်းတည်ဆောက်သူတွေ နားလည်တည်ဆောက်နိုင်မှုကွာတာကို သတိပြုသင့်ပါတယ်။

စိတ်ရှိတုန်းလုပ်လိုက်

IT လောက ထဲကို စဝင်လာတဲ့ခအမှာ ဟိုဟာဖတ်လိုကိ စမ်းလိုက်။ ဒီဟာ ဖတ်လိုက် စမ်းလိုက်နဲက အရှိန်ကောင်းလာပါတယ်။ ဒါနဲ့ သင်တန်းတွေ တက်ရင် ပိုသိလာမယ်။ ပိုကတတ်လာမယ်ဆိုပြီး အိမ်မက်တွေ မက်ပြီး တတ်လိုက်တဲ့အခါမှာ အချို့လူတွေ မျှော်လင့်ချက်တွေ ပျောက်ဆုံးကုန်တယ်။ ကိုယ့်ဘာသာကိုယ် လေ့လာမှုလောက် စိတ်သွားတိုင်း ကိုယ်မပါပဲ အနာဂတ်ကို မမြင်တာတွေ ဖြစ်လာပါရော။ ဒါကြောင့် ကိုယ် စိတ်ရှိနေတုန်းမှာ တောက်လျှောက်တာ လုပ်သွားသင့်တယ်။ တစ်ခါတစ်လေ စိတ်လေး တချက်လောက်ကျသွားပြီး ပြန်လုပ်မယ်ဆိုကော နောက်ကျကျန်ခဲ့တာတွေ ရှိတယ်။ သင်တန်းတွေ အနေနဲ့လည်း Certificate ထက် တကယ် လက်တွေ့ တတ်မြောက်ရေး နောက်ပြီးတော့ အတွေ့အကြံုရှိတဲ့သူတွေနဲ့ ပြောဆိုဆွေးနွေးခွင့်ရဖို့ ဖန်တိးပေးဖို့လိုတယ်။ ပြောရတာလွယ်ပေမယ့် တကယ်အဲလို လုပ်ဖို့က မလွယ်လှပါဘူး။

သင်တန်းတွေမှာ project တွေလုပ်တဲ့အခါမှာ စိန်ခေါ်မှုတွေ မရှိတော့ဘူး။ ကိုယ့်အားကိုယ်ကိုးပြီး လုပ်တာတွေနည်းလာတယ်။ project ကို တက်တက်ကြွကြွလုပ်ချင်စိတ်တွေ မရှိတော့ဘူး။ တချိန်တခါတုန်းက ရှိခဲ့ပေမယ့် အခုအချိန်မှာ တဖြည်းဖြည်းအားနည်းလာတယ်။ လက်တွေ့ Project တွေ လုပ်တဲ့အခါမှာ လိုအပ်တဲ့ ဆွေးနွေးမှုတွေ ထိရောက်တဲ့ Resource တွေကို ပေးဖို့လိုပါတယ်။ အထူးသဖြင့် ကျောင်းသားတွေ မေးတာ ဆရာချက်ခြင်း မဖြေနိုင်ရင်တောင် အဖြေရှိနိုင်တဲ့ Resource တွေကို ညွှန်ပြပေးနိုင်ဖို့ လိုတယ်။ လူငယ်တွေ အနေနဲ့ စိတ်ပါတာတုန်း သင်တန်းတွေကို အားကိုးနေမယ့် အစား လိုအပ်တာတွေ ကိုယ်တိုင် ရှာဖွေပြီး စိတ်ရှိနေတုန်း စိတ်သွားနေတုန်း ထလုပ်လိုက်သင့်တယ်။ အဲဒီအချိန်ဟာ သာမာန် လေ့လာချိန်ထက် ၁၀ ဆ မက လေ့လာနိုင်စွမ်းရှိတယ်။

လူသံယံဇာတ

မြေကြီးက ထွက်တဲ့ သံယံဇာတက တစ်ချိန်မှာ ကုန်ဆုံးသွားမယ်။ မြေကြီးကနေ ထွက်အောင် မွေးထုတ်ပေးလို့မရဘူး။ လူသံယံဇာတကတော့ မွေးထုတ်ပေးလို့ရတယ်။ လုပ်ချင်စိတ်ရှိတဲ့သူတွေကို ပိုအောင်မြင်လာအောင် စိတ်မဝင်စားတဲ့သူကို စိတ်ဝင်စားလာအောင် ဖန်တီးပေးလို့ရတယ်။ ကိုချစ် ရဲ့ Interview မှာ US မှာ Statup တွေကို ဘယ်လို အားပေးထားလဲဆိုတာကို ဖတ်ကြည့်သင့်တယ်။ တချိန်တုန်းက စီးပွားရေး ပုံစံက လူတွေ လိုချင်တာဘာလဲ။ အဲဒါကို ပေးဖို့ကြိုးစားကြတယ်။ Client တွေ လုပ်ချင်တာကို လုပ်ပေးကြတယ်။ အခုခေတ်မှာတော့ အတွေးအခေါ်က ပြောင်းပြန်ဖြစ်သွားပြီ။ လူတွေမသိသေးတာဘာလဲ ။ အဲဒါကို ချပြတဲ့ ပုံစံ အဖြစ်ပြောင်းလဲလာတယ်။ လွန်ခဲ့တဲ့ နှစ် ၁၅ နှစ်လောက်ကို ပြန်ကြည့်လိုက်မယ်ဆိုရင် twitter လိုမျိုး idea ကို လူတွေ သိမှာ မဟုတ်ဘူး။ Facebook လိုမျိုး ပုံစံကို သိမှာမဟုတ်ဘူး။ အဲဒါတွေကို ချပြပြီး ငွေတွေဝင်လာအောင် ဖန်တီးရတယ်။ တစ်ချိန်တစ်ခါက စျေးကွက်က လူတွေ လုပ်ချင်တဲ့ပေါ်မှာ မူတည်နေတယ်။ အခုအချိန်စျေးကွက်ကတော့ ကိုယ်လုပ်ချင်တဲ့ အရာပေါ်မှာ မူတည်နေတယ်။ ဒါကြောင့် consumer စျေးကွက်ကို ဘာလို့ အော်နေတော့မှာလဲ ? ဘာလို့ coporate စျေးကွက်ကို ဝင်တိုးဖို့ ကြိုးစားတော့မှာလဲ။ ကိုယ်လုပ်ချင်တဲ့အရာက အသစ်ဆိုရင် စျေးကွက်ပဲ။ အဟောင်းပေမယ့် လက်ရှိ စျေးကွက်ထက် ထူးတဲ့ idea တွေ ပါလာရင် အဲဒါက စျေးကွက်တစ်ခုပဲ။ တနည်းပြောရင် စားသုံးသူတွေက ဘာစားကောင်းလဲ ဆိုတာ ကောင်းကောင်းမသိဘူး။ စားဖိုမှုးတွေက အကောင်းအရသာ အသစ်တွေကို ချက်ပြီး တည်ခံကျွေးရတာ။ ကောင်းတယ် မကောင်းတယ်ဆိုတာက စားပြီးမှ ဆုံးဖြတ်ကြတယ်။ ဒါကြောင့် ဘာကို စောင့်နေမှာလဲ ? လိုအပ်တာက အချိန်ဆိုတာ တစ်ခုတည်း။ လူသံယံဇာတ ဆိုတာ ပညာတတ် လုပ်ငန်းရှင်တွေ များများပေါ်ထွက်လာဖို့ပဲ။

အကုန်လုံးကတော့ တခြားလူတွေ ပြောတဲ့ comment တွေကို ပြန်စုစည်းထားပါတယ်။ လူသံယံဇာတ ဆိုတဲ့ အပိုင်းလေးကိုပဲ ကျွန်တော် ဖြည့်စွက်ရေးထားလိုက်တာပါ။ သူတို့ပြောတဲ့ ချဉ်းကပ်ခြင်းတွေ ၊ တစ်ယောက်နဲ့ တစ်ယောက် မတူတဲ့ အမြင်တွေကို ချဉ်းကပ်ခြင်းဆိုတဲ့ Post ကနေ အများကြီးရလောက်ပါတယ်။ အမြင်မတူတာ ပေါင်းရခက်တယ်။ သို့ပေမယ့် သူ့အမြင် ကိုယ့်အမြင်တော့ ဖလှယ်လို့ရပါတယ်။

3 Replies to “သူတို့ပြောတဲ့ ချဉ်းကပ်ခြင်း”

  1. ကိုတာရေးတဲ့စာအုပ်တစ်အုပ် (ဦးထုပ်ခြောက်လုံးတွေးနည်းအကြောင်းပါတဲ့ စာအုပ်) မှာဖတ်ဖူးတယ်။ မလေးရှားကနေ စင်္ကာပူခွဲထွက်ကာစတုံးကဆိုရင် Refractive Thinking နဲ ့ပတ်သတ်ပြီးတော့ အစိုးရကဦးဆောင်ပြီး နိုင်ငံအနှံအပြား ဟောပြောစေခဲ့ပါတယ်။ ဒါကြောင့်လည်း ရလဒ်အနေနဲ ့ အခု စင်္ကာပူဆိုတာဖြစ်လာတာပါ။ မြန်မာနိုင်ငံမှာအဲဒီလို thinking နဲ ့ပတ်သတ်ပြီးတော့ ဟောပြောပွဲတွေ စာအုပ်တွေအရမ်းရှားပါးပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *