လုံးဝ မသိသူများအတွက် Data Base မိတ်ဆက်
မာတိကာ
- ၁။ ။ မိတ်ဆက်
- ၂။ ။ ဇယား၊ အတိုင် နှင့် အတန်းများ
- ၃။ ။ တန်ဖိုးနှစ်ခု မထပ်သော အတိုင်
- ၄။ ။ အမှတ်စဉ် အလိုအလျောက်တိုးပွားခြင်း
- ၅။ ။ တန်ဖိုးများ စီခြင်း
- ၆။ ။ ရှာဖွေခြင်း (သို့မဟုတ် ရွေးချယ်ခြင်း) နှင့် မာတိကာ အသုံးဝင်ပုံ
- ၇။ ။ တန်ဖိုးများ ပြုပြင်ပြောင်းလဲခြင်း
- ၈။ ။ တန်ဖိုးများ ဖျက်ခြင်း
- ၉။ ။ ဤမှဆက်၍
၁။ ။ မိတ်ဆက်
DataBase အကြောင်းကို ကွန်ပျူတာနှင့် အိုင်တီ လိုက်စားသူတိုင်း နားစွန်နားဖျားသော်လည်းကောင်း၊ မကြာခဏသော်လည်းကောင်း ကြားဖူးအံ့။ ယနေ့အခါ၊ ကွန်ပျူတာတွင် အလွန်ရှုပ်ထွေးများပြားသော အချက်အလက်များကို သိုမှီး ထိန်းသိမ်းရာ၌ DataBase ကား၊ မရှိမဖြစ် လိုအပ်ချက်တစ်ခု ဖြစ်လျက်ရှိလေသည်။
ဤဆောင်းပါးတွင် ထို DataBase ဆိုသည့်အကြောင်းကို နားလည်လွယ်စေရန် ကြိုးစားရေးသားထားပါသည်။ ရည်ရွယ်ချက်ကား၊ DataBase ကို IT သမားများ၊ Software Engineer များ၊ Programmer များ၏ ကိရိယာတစ်ခု၊ ရှုပ်ထွေးပွေလီသော နားလည်ရခက်သည့် အကြောင်းတစ်ခုဟူသော အမြင်မှ၊ ကွန်ပျူတာ အခြေခံရှိသူတိုင်း၊ မိမိ၏ လုပ်ငန်းဆိုင်ရာ ကွန်ပျူတာအသုံးပြုမှုများနှင့် တွဲဖက်ကာ လိုအပ်သလို အသုံးပြုနိုင်သည့် ကိရိယာ တစ်ခုဖြစ်မြင်စေရန်ဖြစ်သည်။
ယခု ဆောင်းပါးတွင် နည်းပညာပိုင်းဆိုင်ရာ(SQL များ၊ Database System များ၊ Server များကို) မဆွေးနွေးဘဲ၊ DataBase အကြောင်းကို လုံးဝ မသိသေးသူများအတွက် ရည်ရွယ်ကာ သဘောတရားမျှကို မိတ်ဆက်မည်ဖြစ်ရာ စာဖတ်သူသည် DataBase အခြေခံရှိပြီးသူပင်ဖြစ်က ဆက်ဖတ်ရန်မလိုသည်ကို အကြံပြုလိုက်ပါသည်။
ကဲဆက်ကြစို့။
၂။ ။ ဇယား၊ အတိုင်နှင့် အတန်းများ
DataBase ၏အခြေခံကား ဇယားများဖြစ်သည်။ (အဲ.. ဟို.. ဇယားလေးတွေပြောတာမဟုတ်ဘူးနော်။) DataBase System ဆိုသည်ကား အချက်အလက်များကို ဇယားများထဲတွင် သိမ်းဆည်းကာ၊ ဇယားတစ်ခုချင်းစီအကြား ဆက်သွယ်ချက်များကို ဖန်တီးခြင်းဖြင့်၊ များစွာသော အချက်အလက်များကို စနစ်တကျ သိုမှီးခြင်းဖြစ်သည်။
DataBase ကား အချက်အလက်များကို ထိန်းသိမ်းရန်ဖြစ်ရာ၊ အချက်အလက်ထိန်းသိမ်းမှုအား အသုံးချမည့် ဥပမာ တစ်ခုဖြင့်စကြပါစို့။ ကျွနု်ပ်တို့တွင် ကောင်မလေးများ အမည်ကိုသိမ်းဆည်းသော စာရင်းတစ်ခုရှိသည် ဆိုကြပါစို့။ (ကဲ အင်္ဂလိပ် နာမည်တွေပဲ သုံးကြမယ်) စာရင်းတွင် မိန်းကလေး ငါးယောက်မှာ Alice, Betty, Cindy, Dolly, Emmy တို့ဖြစ်ကြလေသည်။
မိန်းကလေးများကို စာရင်းသွင်းရန် ဇယားတစ်ခု ဖန်တီးကြမည်။ ဇယားဖန်တီးခြင်းကို DataBase အခေါ်အားဖြင့် Create လုပ်သည်ဟုခေါ်လေသည်။ ဇယားအမည်ကို Girls ဟုပေးကြမည်။ ထို့ကြောင့် Girls ဟူသော ဇယားကို Create လုပ်မည်။
ကောင်မလေး ငါးယောက်တို့အမည်များကို Girls ဇယားတွင် စာရင်းသွင်းသော်၊
NAME |
Alice |
Betty |
Cindy |
Dolly |
Emmy |
Figure 1
ဟုစာရင်းရ၏။
ဤနည်းဖြင့် ဇယားတစ်ခုကို Create လုပ်၏။
ထို့နောက်တွင် ထိုလူစုထဲသို့ နောက်တစ်ယောက်ရောက်လာလေသည်။ ထိုသူ၏ အမည်သည်လည်း Emmy ပင်ဖြစ်လေသည်။ ထိုအခါ စာရင်းအသစ်သည်ကား။
NAME |
Alice |
Betty |
Cindy |
Dolly |
Emmy |
Emmy |
Figure 2
ဟုဖြစ်လာလေသည်။ Emmy နှစ်ယောက်ဖြစ်၏။ ဤတွင် ပြသနာစလေပြီ။
ယခုအခါ Emmy ဟု ဆိုလိုက်သည်နှင့် မည်သည့် Emmy ကိုဆိုလိုမှန်းမသိဖြစ်ရလေသည်။ ထိုအခါ Emmy နှစ်ယောက်ကို ခွဲခြားရန်လိုလာသည်။
နောက်တစ်မျိုးတွေးကြဦးစို့။
နိုင်ငံသားတိုင်းတွင် မှတ်ပုံတင် နံပါတ်ရှိသည်။ လူနှစ်ဦးတွင် မှတ်ပုံတင်နံပါတ် မတူနိုင်။ အင်းစိန်က ကိုသိန်းနှင့် သာကေတက ကိုသိန်းတို့သည် နာမည်သာ တူသော်လည်း မှန်ပုံတင်အမှတ် မတူနိုင်ပေ။ ထို့ကြောင့်အမည်တူသူများကို စာရင်းထဲတွင် လွယ်ကူစွာခွဲခြားနိုင်ရန် ထိုသို့ကွဲပြားသော နံပါတ်ပေးရန်လိုလာလေသည်။ ထို့ကြောင့်စာရင်းကို အောက်ပါအတိုင်း အမှတ်စဉ်ထည့်ကြမည်။
SERIAL | NAME |
1 | Alice |
2 | Betty |
3 | Cindy |
4 | Dolly |
5 | Emmy |
6 | Emmy |
Figure 3
Figure 3 တွင် Emmy နှစ်ယောက်ကို ခွဲခြားနိုင်လေပြီ။ နာမည်ကား နှစ်ခုထပ်နိုင်သည်။ အမှတ်စဉ်ကား နှစ်ခုမထပ်နိုင်။ အမည်ခွဲခြားရခက်သော နှစ်ခုထပ်သော အခါတွင်၊ အမှတ်စဉ်ကို ကြည့်ကာလူကို ခွဲခြားနိုင်၏။
ဤသို့ဖြင့် ယခုဆွဲသားသော ဇယားတွင် အတိုင် (column) ၂ ခု (SERIAL နှင့် NAME) နှင့် အတန်း (row) ၆ ခုတို့ရှိပေပြီ။ ထိုသို့ row နှင့် column များရှိသော ဇယားကို table ဟုခေါ်ကြပါစို့။ DataBase ၏ အသုံးအနှုန်းများနှင့် အသားကျစေရန် ယခုမှစ၍ Table, Row, Column ဟုသာ ခေါ်ဆိုရေးသားတော့မည်။
၃။ ။ တန်ဖိုးနှစ်ခု မထပ်သော အတိုင်
Table တစ်ခုတွင် နှစ်ခုမထပ်နိုင်သော (နှစ်ခုမထပ်စေရဟု သတ်မှတ်ချက်) သတ္တိကို Uniqueness ဟုခေါ်ဆို၏။ ထိုသို့ နှစ်ခုမထပ်သော တန်ဖိုးများသာပါဝင်သည့် Column ကိုသုံးကာ Table ထဲတွင်ရှိသော Row များကို တိကျစွာဖော်ညွှန်းနိုင်သည်။ တစ်နည်း၊ ထို Column မှတန်ဖိုးများသည် Row တစ်ခုခြင်းစီကို ကိုယ်စားပြုသည်ဟုလည်း ဆိုနိုင်သည်။ ထို့ကြောင့် ထို column သည် အဓိကကျသော column၊ တစ်နည်း key column ဟု ခေါ်သည်။
ကဲ ဇယားတွင် အမှတ်စဉ်နှင့် အမည်တော့ရပြီ။ မှတ်ပုံတင်နံပါတ်များထည့်ကြပါစို့။ မှတ်ပုံတင်အမှတ်ကို လွယ်ကူစေရန် ဤနည်းဖြင့် သတ်မှတ်မည်။
မှတ်ပုံတင်အမှတ် = အမည် + အမှတ်စဉ် + အမည်၏ ပထမ စာလုံး |
ထို့နောက် NRIC ဟူသော column အသစ်ကို ထည့်သော အခါ အောက်ပါအတိုင်းရမည်။
SERIAL | NAME | NRIC |
1 | Alice | Alice1A |
2 | Betty | Betty2B |
3 | Cindy | Cindy3C |
4 | Dolly | Dolly4D |
5 | Emmy | Emmy5E |
6 | Emmy | Emmy6E |
Figure 4
ထိုအခါ NRIC အတိုင်သည်လည်း နှစ်ခုမထပ်သော Uniqueness ဂုဏ်ရှိလေရာ ၄င်းကိုလည်း Key Column ဟုခေါ်ကမမှားပေ။ Table တွင် SERIAL နှင့် NRIC key column နှစ်ခုရှိလာလေပြီ။ ထို့ကြောင့် Key Column နှစ်ခုကို ကွဲပြားစေရန် SERIAL column အား မူလဘူတ key column (Primary key column) ဟုခေါ်တွင်စေကာ။ NRIC အား ဒုတိယ key column (Secondary key column) ဟုခေါ်တွင်စေအံ့။
SERIAL ကား ဤဇယားအတွက် Primary Key ဖြစ်ကာ NRIC ကား Secondary Key ဖြစ်လေသည်။
၄။ ။ အမှတ်စဉ် အလိုအလျောက်တိုးပွားခြင်း
ဆက်ကြဦးစို့။
လက်ရှိ Table ထဲသို့ နောက်ထပ် လူ ၄ ယောက်နာမည်များ ထပ်ထည့်ကြမည်။
SERIAL | NAME | NRIC |
1 | Alice | Alice1A |
2 | Betty | Betty2B |
3 | Cindy | Cindy3C |
4 | Dolly | Dolly4D |
5 | Emmy | Emmy5E |
6 | Emmy | Emmy6E |
7 | Amy | Amy7A |
8 | Elizabeth | Elizabeth8E |
9 | Bibo | Bibo9B |
10 | Ann | Ann10A |
Figure 5
Table ထဲသို့ နာမည်များ ထည့်သွင်းသော အခါ၊ အမှတ်စဉ်များလည်း တိုးပွားလာရပေမည်။
နာမည် အသစ်များ စာရင်းသွင်းပုံကို အနည်းငယ် စဉ်းစားကြည့်ကြပါစို့။ ဥပမာ Amy ကိုစာရင်းသွင်းသော အခါ၊ Alice နှင့် Betty ကြားတွင် နေရာပေးပါက၊ Amy အတွက် အမှတ်စဉ်ပေးရန် ခက်ပေသည်။ Amy အား အမှတ်စဉ် 2 ဟုပေးမည်ဆိုပါကလည်း၊ Betty မှစ၍ အောက်မှ Row တို့၏ အမှတ်စဉ်များအားလုံးကို ပြောင်းလဲရပေမည်။
ထို့ကြောင့် အသစ်တိုးသော အမည်များအား၊ အမည်၏ အစီအစဉ်ကို ဥပက္ခောပြုကာ ဇယား အောက်ခြေတွင် နေရာပေးထည့်သွင်းခြင်းဖြင့် လွယ်ကူစွာပင် ဖြေရှင်းနိုင်သည်။
ဤနည်းဖြင့် နာမည် အသစ်လေးခုကို ထည့်သွင်းလေရာ၊ အမှတ်စဉ်များလည်း တိုးပွားလာရလေသည်။ အမှတ်စဉ်သည် အထက်တွင် ဖော်ပြခဲ့သလို၊ Unique ဖြစ်ရလေရကား၊ နောက်ဆုံးရှိသော နံပါတ်မှ တစ်တိုးကာ အလိုအလျောက် ထည့်သွင်းလိုက်ရုံနှင့် ကိစ္စပြီး၏။
ထိုသို့ အလိုအလျောက် တိုးပွားခြင်းကို Auto Increment ဟုခေါ်သည်။ DataBase ၏အလေ့အထအားဖြင့် Primary Key column များကို Auto Increment အဖြစ် သတ်မှတ်လေ့ရှိသည်။
၅။ ။ တန်ဖိုးများ စီခြင်း
လူ ၁၀ ယောက်ပါသော Table ကားရပြီ။
Table တွင် ရှိသော Column တစ်ခုခြင်းကိုကြည့်ကြဦးစို့။ SERIAL column တွင် ရှိသော အမှတ်စဉ်များမှာ ကြီးစဉ်ငယ်လိုက်ဖြစ်ကြသော်လည်း၊ NAME column ရှိအမည်များ မှာ ABCD အစဉ်အလိုက်မဖြစ်ကြပေ။ ၄င်း တန်ဖိုးများကို စီကြအံ့။
တန်ဖိုးများကို စီရာတွင် နှစ်မျိုး နှစ်စားရှိ၏။
၁။ ကြီးစဉ်ငယ်လိုက် နှင့်
၂။ ငယ်စဉ်ကြီးလိုက်
တို့ဖြစ်ကြသည်။
တန်ဖိုးများ စီခြင်းကို DataBase အခေါ် sorting ဟုခေါ်သည်။ ကြီးစဉ်ငယ်လိုက်စီခြင်းမှာ sorting in descending order ဖြစ်၍ ငယ်စဉ်ကြီးလိုက်စီခြင်းမှာ sorting in ascending order ဖြစ်သည်။
Name Column ကို Ascending အလိုက် (ငယ်စဉ်ကြီးလိုက်) စီသော်။
SERIAL | NAME | NRIC |
1 | Alice | Alice1A |
7 | Amy | Amy7A |
10 | Ann | Ann10A |
2 | Betty | Betty2B |
9 | Bibo | Bibo9B |
3 | Cindy | Cindy3C |
4 | Dolly | Dolly4D |
8 | Elizabeth | Elizabeth8E |
5 | Emmy | Emmy5E |
6 | Emmy | Emmy6E |
Figure 6
Name Column ကို Descending အလိုက်(ကြီးစဉ်ငယ်လိုက်) စီသော်။
SERIAL |
NAME |
NRIC |
5 | Emmy | Emmy5E |
6 | Emmy | Emmy6E |
8 | Elizabeth | Elizabeth8E |
4 | Dolly | Dolly4D |
3 | Cindy | Cindy3C |
9 | Bibo | Bibo9B |
2 | Betty | Betty2B |
10 | Ann | Ann10A |
7 | Amy | Amy7A |
1 | Alice | Alice1A |
Figure 7
ထိုသို့ တန်ဖိုးများ စီရာတွင် Column တစ်ခုခြင်းစီသာမက၊ Column များကို အတွဲလိုက်လည်း တန်ဖိုးစီနိုင်လေသည်။
ဥပမာ Name column ကို Ascending စီ၍၊ No Column ကို Descending စီသော်၊
SERIAL |
NAME |
NRIC |
1 | Alice | Alice1A |
7 | Amy | Amy7A |
10 | Ann | Ann10A |
2 | Betty | Betty2B |
9 | Bibo | Bibo9B |
3 | Cindy | Cindy3C |
4 | Dolly | Dolly4D |
8 | Elizabeth | Elizabeth8E |
6 | Emmy | Emmy6E |
5 | Emmy | Emmy5E |
Figure 8
အထက်ပါ တန်ဖိုး စီတန်းမှု ရလဒ် (Figure 8) တွင်၊ ပထမ Row ၃ခုကိုကြည့်ပါက NAME column စီရာတွင် Alice, Amy, Ann ဟု စီတန်းထားသည်ကိုတွေ့ရမည်ဖြစ်ပြီး၊ SERIAL column တွင်ကား 1, 7, 10 ဟုတွေ့ရမည်ဖြစ်သည်။ အဘယ့်ကြောင့် 10, 7, 1 ဟု မစီရသနည်းမေးအံ့။ ထိုသို့ စီတန်းရာတွင်၊ စီတန်းမှု အစီအစဉ်၌ ပထမဦးစွာ ပြဌာန်းသည့် column သည် ဦးစားပေး အဆင့် အမြင့်ဆုံးဖြစ်ပြီး နောက်ဆုံးတွင်ပြဌာန်းသည့် column သည် ဦးစားပေး အဆင့် အနိမ့်ဆုံးဖြစ်လေသည်။
အောက်ဆုံး Row များဖြစ်သော၊ Emmy နှစ်ခုကိုကြည့်သော် အမှတ်စဉ်မှာ 6, 5 ဟူ၍ တွေ့ရမည်။ SERIAL coloum ကို decending စီရန် ပေးခဲ့သည်ကို အမှတ်ရလေ။ Alice, Amy နှင့် Ann တို့တွင် SERIAL မှာ ငယ်စဉ်ကြီးလိုက်ဖြစ်ပြီး၊ Emmy နှစ်ခုတွင်အမှတ်စဉ်မှာ ကြီးစဉ်ငယ်လိုက်ဖြစ်ရခြင်းမှာ၊ Emmy နှစ်ယောက်၏ NAME column တန်ဖိုး မှာ တူညီနေကြသောကြောင့်၊ ဒုတိယ ဦးစားပေးအဆင့် column အတိုင်းစဉ်ခြင်းဖြစ်လေသည်။
၆။ ။ ရှာဖွေခြင်း (ရွေးချယ်ခြင်း) နှင့် မာတိကာ အသုံးဝင်ပုံ
ဇယားထဲတွင် လူဆယ်ယောက်ရှိနေလေပြီ။ ထို ၁၀ ယောက်ထဲမှ နာမည် တစ်ခုခုကို ရှာဖွေလိုသော် နာမည်များကို တစ်ခုခြင်း စစ်ဆေးကာ ရှာရမည်ဖြစ်သည်။ ထိုဇယားထဲမှ အမှတ်စဉ် တစ်ခုခုကို ရှာဖွေလိုသော် အမှတ်စဉ်များကို တစ်ခုခြင်း စစ်ဆေးကာ ရှာရမည်ဖြစ်သည်။ ရှာဖွေခြင်း သို့မဟုတ် ရွေးချယ်ခြင်း ကို DataBase အခေါ် Select လုပ်သည်မည်၏။
လူဆယ်ယောက်သာရှိစဉ် ရှာရသည်မှာ အပမ်းမကြီးသော်လည်း ၁၀၀၊ ၁၀၀၀၊ ၁၀၀၀၀ ခန့်ရှိလာသော အခါ လက်တွေ့တွင် အမည်တစ်ခု၊ အမှတ်စဉ်တစ်ခုရှာရသည်မှာ ခက်ခဲပေမည်။
အမှတ်စဉ်တစ်ခုကို ရှာမည်ဆိုလျှင်၊ အမှတ်စဉ်များ (SERIAL Column) ကို ကြီးစဉ်ငယ်လိုက်သော်လည်းကောင်း၊ ငယ်စဉ်ကြီးလိုက်သော် လည်းကောင်း စီထားပါက (Figure 5 တွင်ရှု) အမှတ်စဉ်တစ်ခုရှာရန် လွယ်ကူသော်လည်း၊ (Figure 8) တွင်ကဲ့သို့ ကဘောက်တိ ကဘောက်ချာ ဖြစ်နေပါက ရှာရခက်ပေမည်။ ထိုနည်းတူ အမည်တစ်ခုရှာလိုသော် (ဥပမာ Amy) Figure 8 တွင်ကဲ့သို့ အမည်များကို စီထားပါက ရှာရပိုလွယ်မည်ပင်။
လက်တွေ့တွင် လူကိုယ်တိုင် ရှာပါက တစ်ခုခြင်းစီ တန်းစီကာ တိုက်စစ်ရသည့်နည်းတူ၊ ကွန်ပျူတာကို ရှာခိုင်းသောအခါ၊ ကွန်ပျူတာသည်လည်း တစ်ခုခြင်းကို တိုက်စစ်ရလေသည်။ ထို့ပြင် တန်ဖိုးတစ်ခုကိုရှာရာ၌ (ဥပမာ Emmy) ရှာသော တန်ဖိုးအား တွေ့ရှိသော အခါ ရပ်တန့်လိုက်၍မရပေ၊ ထိုတန်ဖိုးသည် တစ်ခုထက် ပို၍ ရှိနိုင်လေရာ ၄င်းတို့အားလုံးကိုတွေ့ရှိစေရန်၊ ရှိသမျှ အတန်းအားလုံးကို ရှာရပေသည်။
ထို့ကြောင့် ဇယားတစ်ခုတွင် ရှာဖွေမှု ကြာမြင့်ချိန်မှာ၊ ၄င်းတွင်ပါသော အတန်းအရေအတွက်နှင့် တိုက်ရိုက်အချိုးကျသည့်ပြင်၊ မိမိတန်ဖိုး ရှာသောအတိုင်တွင် ရှိသော Data များကို ကြိုတင်ကာ စီတန်းထားပုံပေါ်တွင် များစွာမူတည်လေသည်။
မကြာခန တန်ဖိုးရှာဖွေမည့် အတိုင် (column) များကို ကြိုတင်သိရှာပါက၊ ရှာဖွေမှုအချိန် တိုတောင်းစေရန် ၄င်းတို့ကို ကြိုတင်စီတန်းထားနိုင်လေသည်။ ထိုသို့ပြင်ဆင်ခြင်းကို indexing လုပ်သည်ဟုခေါ်သည်။ အလွယ်မှတ်ရန်မှာ မာတိကာ ထုတ်ထားသည်ဟုမှတ်လေ။
ယနေ့ခေတ် DataBase Server များသည် သန်းပေါင်းများစွာသော row များပါဝင်သည့် table များကို ကောင်းမွန်စွာ ထိန်းသိမ်းနိုင်သည့်ပြင်၊ indexing လုပ်ခြင်းကိုလည်း ခွင့်ပြုလေသည်။ Data တစ်ခုကိုရှာဖွေလျှင် မာတိကာ ရှိပါက DataBase Server သည်လျှင်မြန်စွာ ရှာဖွေပေးနိုင်သည်။ သို့မဟုတ်ပါက row တစ်ခုခြင်းကို တိုက်စစ်နေရပေမည်။ အချိန်ကုန်လှပေ၏။ ဤကား index ထားခြင်း အကျိုးတည်း။
(ဤနေရာတွင် ဆရာ့ဆရာများက index လုပ်ခြင်းဟူသည် sorting ချည်းသာမဟုတ်ဟုငြင်းချက်ထုတ်ကြပေမည်။ မှန်ပေ၏။ ယခုဆောင်းပါးတွင် index အကြောင်းအသေးစိတ် မဖော်ပြလေ။)
၇။ ။ တန်ဖိုးများ ပြုပြင်ပြောင်းလဲခြင်း
ဤသို့ အချက်အလက်များကို ဇယားများထဲတွင် စနစ်တကျ ထည့်သွင်းခြင်းမှာ၊ လွယ်ကူစွာ ပြုပြင်ပြောင်းလဲနိုင်ရန်သည်လည်း အကြောင်းတစ်ခုဖြစ်လေရာ။ ဇယားများထဲမှ တန်ဖိုးများ ပြုပြင်ပြောင်းလဲပုံကိုလည်း သိရန်လိုအပ်ပေသည်။
တန်ဖိုးများ ပြုပြင်ပြောင်းလဲခြင်းကို DataBase အခေါ် update လုပ်သည်ဟုခေါ်သည်။
Row တစ်ခုထဲမှာ တန်ဖိုးတစ်ခုကိုပြောင်းကြမည် (ဥပမာ အမှတ်စဉ် ၆ မှ Emmy ကို Elle သို့ပြောင်းမည်) ဆိုကြပါစို့။ ဇယားထဲတွင် Emmy နှစ်ယောက်ရှိလေရာ ၄င်းနှစ်ယောက်ကို ကွဲပြားစေသော တန်ဖိုးတစ်ခုကိုကြည့်ကာ ခွဲခြားပြီးမှ မိမိဆိုလိုသည့် Emmy ကိုပြောင်းနိုင်ပေမည်။
“Emmy ကို Elle သို့ပြောင်း” ဟုဆိုလိုက်လျှင် ဇယားထဲတွင် ရှိသမျှ Emmy နှစ်ယောက်လုံးသည် Elle ဖြစ်သွားပေလိမ့်မည်။ ကျွန်ုပ်တို့ဆောင်ရွက်လိုသည်မှာ အမှတ်စဉ် ၆ မှ Emmy ဖြစ်လေရာ “SERIAL တန်ဖိုး 6 မှ Emmy ကို Elle သို့ပြောင်း” ဟုဆိုပါမှ မှန်ပေမည်။ ရွေးချယ်မှုဆိုင်ရာ ဖော်ပြချက် “SERIAL တန်ဖိုး 6” ဟု ဖော်ပြချက်သည် Emmy နှစ်ခုကို ကွဲပြားစေလေသည်။
ဤနေရာတွင် အဓိကမှတ်စေလိုသည်ကား၊ တန်ဖိုးများ ပြောင်းလဲလိုလျှင် မိမိဆောင်ရွက်လိုသည့်တန်ဖိုးကို တိကျစွာ ရွေးချယ်ဖော်ပြချက် လိုအပ်ခြင်းပင်ဖြစ်သည်။
၈။ ။ တန်ဖိုးများ ဖျက်ခြင်း
ဇယားထဲတွင် မိမိသိမ်းဆည်းလိုသော အချက်အလက်များကို သိမ်းဆည်းသည်သာမက၊ မလိုအပ်သော အရာများကိုလည်း ဖျက်သိမ်းရန်လိုအပ်လာလေ့ရှိသည်။ ဖျက်သိမ်းခြင်းကို Delete လုပ်သည် ဟု DataBase တွေခေါ်သည်။
ဥပမာ “အမည် Bibo ပါသော row ကိုဖျက်” ဟုဆိုပါက အမှတ်စဉ် ၉ မှာ Bibo ပျောက်သွားပေလိမ့်မည်။ သို့သော် အမှတ်စဉ် 6 မှ Emmy ကိုဖျက်လိုပါက။ “အမည် Emmy ပါသော row ကိုဖျက်” ဟုသာ ဆိုလိုက်လျှင် အမှတ်စဉ် 5 တွင်ရှိသော Emmy ပါ ပျက်သွားပေလိမ့်မည်။ ထို့ကြောင့် “SERIAL တန်ဖိုး 6 မှ Emmy ကိုဖျက်” ဟုဆိုမှ မှန်ပေမည်။
ရွေးချယ်မှုဆိုင်ရာ ဖော်ပြချက် “SERIAL တန်ဖိုး 6” ဟုဖော်ပြချက်သည် မိမိဖျက်လိုသည့် Row ရည်ညွန်းစေလေသည်။
ထို့နည်းတူ row တစ်ခုတည်းကို မဟုတ်ဘဲ၊ တစ်ခုထက်ပိုသော Row များကို ဖျက်လိုပါက ဥပမာ Emmy အမည်ရှိသော Row အားလုံးကိုဖျက်လိုပါက၊ “အမည် Emmy ပါသော row ကိုဖျက်” ဟုဆိုလျှင် မှန်၏။ Emmy အမည်ရှိသော row အားလုံးပျက်ချေမည်။
တန်ဖိုးများ ဖျက်ရာတွင်လည်း၊ ရ တွင် ဖော်ပြခဲ့သော တန်ဖိုးများ ပြုပြင်ပြောင်းလဲသည့်နည်းတူ မိမိဆောင်ရွက်လိုသည့်တန်ဖိုးကို တိကျစွာ ရွေးချယ်ဖော်ပြချက် လိုအပ်သည်ကို မှတ်သားရာသည်။
၉။ ။ ဤမှဆက်၍
ဤဆောင်းပါးတွင် DataBase ၏သဘောကို အခြေခံကျသော ပုံစံဖြင့် ရှင်းလင်းတင်ပြကာ၊ DataBase နှင့်သက်ဆိုင်ရာ အသုံးအနှံုးများဖြစ်သည့် Table, Row, Column, Primary Key, Secondary Key, Select, Insert, Update, Delete တို့၏ အဓိပ္ပါယ်နှင့် ၄င်းတို့၏ ဆောင်ရွက်ချက်များကို အကျမ်းမျှဖော်ပြခဲ့ချေပြီ။
ဤမှဆက်၍ DataBase ၏အသက်ဖြစ်သော SQL (Structured Query Language) အကြောင်းကို ဆက်လက်လေ့လာသင့်သည်။ SQL သည်ကား စံအဖြစ်သတ်မှတ်ထားသည်ဖြစ်၍၊ မည်သည့် DataBase system နှင့်မဆိုတွဲဖက် အသုံးချနိုင်ရာ၊ SQL တတ်လျှင် မည့်သည့် DataBase system ကိုမဆို အခြေခံအားဖြင့် အသုံးပြုနိုင်လေသည်။
ဆက်လက်၍ “ခက်သလားဟေ့ ဒေတာဘေ့စ် – အပိုင်း ၂။ ပေါ့ပေါ့ပါးပါး SQL များ” အကြောင်းကို ဖော်ပြပါမည်။